ဒီပန်ချီကား တစ်ခု လုံး မှာ
ဆေးရောင် တစ်ရောင်တည်းသုံးထားတယ် ....
အော်ပရာ ဆိုခဲ့ဖူးတဲ့
ဂျပန်ခေတ် ကဗုံးခိုကျင်းတွေမှာ လည်း
တစ်ရောင်တည်းသုံးထားတယ် ....
လူတွေ ရဲ့အတွးတွေ
တနင်္ဂနွေ ဆန်သွားတဲ့ ဖြစ်ရပ်မှာ လည်း
တစ်ရောင်တည်းသုံးထားတယ် ....
တတိယလှိုင်းရဲ့ လမ်းတစ်ဝက်မရှိတရှိမှာ
အဖေသေ သွားတုန်းက ကျတဲ့ အမေ့မျက်ရည်စက်တွေမှာလည်း
တစ်ရောင်တည်းသုံးထားတယ် ....
ကိုယ့် ကိုယ်တိုင်းနဲ့ ကိုယ်ချုပ်ဝတ်နေကျတဲ့
အမှန်တရား ဆိုတဲ့ ဝတ်စုံမှာလည်း
တစ်ရောင်တည်းသုံးထားတယ် ....
မရိုးနိုင်သော ညီမလေးရဲ့
လတ်လတ်ဆတ်ဆတ် လှည့်ကွက်တွေ မှာလည်း
တစ်ရောင်တည်းသုံးထားတယ် ....
သမားရိုးကျဆန်တဲ့
ရော့ခ်သီချင်း တစ်ပုဒ် သွေးဆုံးသွား မှုမှာလည်း
တစ်ရောင်တည်းသုံးထားတယ် ....
မလှုပ်ချင်ပဲ လှုပ်နေရတဲ့ ကချေသည်ကောင်မလေးရဲ့
ဆံနွယ် တချက် လူးလွန့်မှု မှာလည်း
တစ်ရောင်တည်းသုံးထားတယ် ....
စဥ့်နှီတုန်းထက်က ငါးခေါင်းပေါ် ကျလာတဲ့
ငါးဆယ်သား အလေးရဲ့ ကြေကွဲမှု မှာလည်း
တစ်ရောင်တည်းသုံးထားတယ် ....
လူသုံးတန်၊ဒုက္ခသုံးတန် သယ်ဆောင်လာတဲ့
ခန္ဓာကိုယ်ရဲ့ မှတ်စုစာအုပ်မှာလည်း
တစ်ရောင်တည်းသုံးထားတယ် ....
လောကဓံရှစ်ပါး ဘာနဲ့မှ ခွဲမမှတ်ထားဘူး
သူ့ကိုလည်း ..
တစ်ရောင်တည်းသုံးထားတယ် ....
ငါးပါးသီလ .... တရပ်တပါး
အတူတူ မဆုံဖြစ်ကြတဲ့ နေ့စွဲတွေကိုလည်း
တစ်ရောင်တည်းသုံးထားတယ် ....
ဟုတ်တယ်
ဒီပန်းချီကား တစ်ခုလုံးမှာ
တစ်ရောင်တည်းသုံးထားတယ် ....
ကြည့်လို့တော့ မကောင်းဖူးပေါ့ ...
ဒါပေမယ့် .....
တစ်ရောင်တည်းပဲ သုံးထားတယ် ....
သက္ကရာဇ်
copyright©thetkariz2012
No comments:
Post a Comment