တစ်ဇာတ်လုံး မှာ ...
ဒိုင်ယာလော့ တစ်ကြောင်းမှ မပါဘူး ....
ကိုယ့်အမြင်၊ ကိုယ့်အတွေး၊
လွတ်လပ်စွာ မှားယွင်းခွင့် ရှိလိမ့်မယ် ...
ကိုယ့်အလွမ်း၊ ကိုယ့်အဆွေး
လွတ်လပ်စွာ နာကျင်ခွင့် ရှိလိမ့်မယ် ....
ဇာတ်ညွှန်းအရ ....
တစ်ဇာတ်လုံး မှာ ...
ဆင်ဖိုနီ တစ်ချိုးမှ မပါဘူး .....
ကိုယ့်သံစဉ်၊ ကိုယ့်စာသား
လွတ်လပ်စွာ နာကြားခွင့် ရှိလိမ့်မယ် ....
ကိုယ့်နရီ၊ ကိုယ့်စည်းချက်
လွတ်လပ်စွာ အံချော်ခွင့် ရှိလိမ့်မယ် ....
ဇာတ်ညွှန်းအရ....
တစ်ယောက်ကို တစ်ယောက်က
တစ်ချက်မှ စောင်းငဲ့ မကြည့်ဘူး ...
ဇာတ်ညွှန်းအရ....
ကြေကွဲဖွယ် ဟာသတွေမရှိဘူး ....
ဇာတ်ညွှန်းအရ....
မျက်ရည်နဲ့ မျက်ခွက် တွေ
ရီဟာဇယ် မရှိဘူး ....
ဇာတ်ညွှန်းအရ....
အစာအိမ်ထဲမှာ ငါးပါးသီလ
သင်ရိုးကုန် ပြဌာန်း မထားဘူး ....
ဇာတ်ညွှန်းအရ....
လောကဓံရှစ်ပါး ကို
မေ့ဆေးပေးမထားဘူး .....
ဇာတ်ညွှန်းအရ....
သေခြင်းတရား ကို
အနှေးပြကွက် မှတ်ချက်ရေးမထားဘူး ....
ဇာတ်ညွှန်းအရ....
ဇာတ်လမ်းရဲ့ အဆုံးကို
တနင်္ဂနွေနေ့ လို အနီရောင်ခြယ်
သတ်မှတ်မထားဘူး ....
ကိုယ့်အချိန်၊ ကိုယ့်နာရီနဲ့
လွတ်လပ်စွာ သံပတ်ပေးခွင့် ရှိလိမ့်မယ် ....
ကိုယ့်အယူ၊ ကိုယ့်ဝါဒနဲ့
လွတ်လပ်စွာ ကျဆုံးခွင့်ရှိလိမ့်မယ် .....
ဒါပေမယ့် ....
ဇာတ်ညွှန်းအရ ...
ဟောဒီ တစ်ဇာတ်လုံး
ခန္ဓာကိုယ် အခွံသက်သက် ...
ခံစားချက် မပီမပြင်နဲ့ အသိဥာဏ် ဆိုတာများ
ငါတို့မှာ ....
ခပ်ရေးရေးတောင် ပါမလာခဲ့ဘူး ....
ခပ်ရေးရေးတောင် ပါမလာခဲ့ဘူး ......
ခပ်ရေးရေးတောင် ပါမလာခဲ့ဘူး ......။
သက္ကရာဇ် ( ၂၅ ၊ ၀၂ ၊ ၁၉၇၇ - ?? ၊ ?? ၊ ???? )
copyright©thetkariz2012
No comments:
Post a Comment